29.5.13

ရင်နာမိတယ် ထို့ကော်ကူး(ကိုး)ရယ်…


   ပြန်တွေးကြည့်ပါ အတိတ်မြက်ခင်းဆီ။ မင်းရဲ့သမိုင်းက မလှခဲ့ဘူး ။အမျိုးသားသစ္စာဖေါက်များနှင့်အတူ ပိုင်ဆိုင်မှုတစ်ခု မင်း ရသွားခဲ့တယ်။အဲ့ဒါက ဘာလဲ မေ့မရသော နေ့တစ်နေ့တဲ့။ မင်းရဲ့အရင်းခံစိတ်က မကောင်းဆိုးဝါး တွေ ၀င်ပူးနေသလားလို့တောင် တွေးဝင်မိတယ်။ ဖြစ်ပျက်သမျှက မေ့မရတဲ့အဆုံး မလှပတဲ့ မင်းရဲ့သမိုင်း ပိုင်ဆိုင်မှုတွေ ရင်မှာပိုက်ပြီး ခုထက်ထိတိုင် ကျိန်စာနဲ့အတူ ရင်နာမိတယ် ထို့ကော်ကူး(ကိုး)ရယ်။
မင်းချပြသွားတဲ့ သင်္ခန်းစာက တော်လှန်ရေးဖခင်ကြီး တစ်ယောက်ဟာ မင်းရင်ခွင်မှာ အာဇာနည်ကြီးဖြစ်သွားရှာတယ်။
အာဇာနည်ဆိုတာ ကျဆုံးပြီးမှ ရသွားတာပါ ။ ငါအနေနဲ့တော့ မလိုချင်ပါဘူး။ မင်းလုပ်သွားပေးတာ မင်းအတွက်တော့ ဂုဏ်ယူစရာ ဖြစ်နေပေမယ့် ငါ့အတွက်တော့ … ပြန်တွေးလိုက်တိုင်း ရင်နာမိတယ် ထို့ကော်ကူး(ကိုး)ရယ်။
မင်းရင်ခွင်က မကောင်းဆိုဝါးတွေ ကျက်စားနေတဲ့ နေရာတစ်ခုလို့ ခုထက်ထိတိုင် ထင်နေရတုန်းပဲ။
သမိုင်းမလှတဲ့ ရင်ခွင်တစ်ခုမှာ ၀င်ရောက်ခိုနား စီးပွားရှာသူ လူတစ်စုလည်း ဒီရေကိုသောက် ဒီရိပ်မှာခို
ဒီလိုနဲ့ပဲ ထင်တိုင်းလုပ်နေတဲ့သူတွေ မျက်ဝါးထင်ထင် တွေ့နေရတယ်။ ဒီလူတစ်စု အတွက် နှမြောတသ မိပေမယ့်လည်း ကိုယ်ထင်ရာတွေက မှန်နေမှာပဲ ၊ကိုယ်လုပ်နေတာတရားပါတယ်လို့ မြင်နေမှာပဲ။
သြော်..မင်းရင်ခွင်ကို ခိုနားနေသော လူတော်တွေအတွက် ပြန်တွေးလိုက်တိုင်း ရင်နာမိတယ် ထို့ကော်ကူး(ကိုး)ရယ်။
အမှန်တကယ်တော့ ထို့ကော်ကူးလို နေရာတစ်ခုက ငါ့အတွက်တော့ မကောင်းသောနယ်မြေ သစ္စာဖေါက်တွေ စုစည်းရာမြေ။လူလူချင်းနှိပ်စက်တဲ့နယ်မြေ ။လက်နက်ကိုင်ရင် တရားနိုင်တဲ့နယ်မြေ။အဖွဲ့အစည်းတွေအတွက် အပေါ်နဲ့အောက် ခါးပြတ်သွားတဲ့ နေရာမြေ။လက်နက်အားကိုနဲ့ ထင်တိုင်းလုပ်လို့ရနေတဲ့နယ်မြေ။ ပြည်သူတွေကို နှိပ်စက်နိုင်ဖို့အတွက် ဖန်တီးပေးလိုက်တဲ့ နယ်မြေတစ်ခုလိုပါပဲ။ ကြုံတွေ့ခံစားနေရတာကို ပြန်တွေးလိုက်တိုင်း ရင်နာမိတယ် ထို့ကော်ကူး(ကိုး)ရယ်။
အာဇာနည်ကြီး ကျဆုံးသွားသောနယ်မြေတစ်ခုကို တန်းဖိုးထားဦးညွတ်နေသော လက်နက်ကိုင်တစ်စုက ထို့ကော်ကူးကို အမွန်းတင်တန်ဖိုးထားပေမယ့် ငါ့အမြင်မှာတော့ ဒီနေရာက ဝေးလေကောင်းလေပါပဲ။ သစ္စာမရှိတဲ့ ရင်ခွင်နယ်မြေတစ်ခုမှာ ကောက်ကျစ်မှုတွေ ပြည့်လျှံနေမှာပဲလို့တွေးမိတိုင်း  တန်ဖိုးထားတတ်သူတွေအတွက် ငါ.. ရင်နာမိတယ် ထို့ကော်ကူး(ကိုး)ရယ်။
လက်ရှိဖြစ်ပျက်မှုနဲ့ နှိုင်းယဉ်လိုက်ရင် ငါ့လိုခရီးသွား ပြည်သူတစ်ယောက်အတွက်တော့ ထို့ကော်ကူး(ကိုး)ဟာ ချစ်စရာအလှ တစ်နေရာမှ မရှိ။ တရားခံက မင်းရဲ့သမိုင်းတစ်ခုလား။ ကျိန်စာကြောင့်လား။ မင်းရဲ့စိတ်ထားအရင်းခံကို ကျင့်သုံးမိသော လူတစ်စုကြောင့်လား ။ ဘာပဲဖြစ်ဖြစ် ဖြစ်ပျက်သမျှအားလုံးဟာ မင်းနဲ့တိုက်ရိုက်မသက်ဆိုင်ပေမယ့် သွယ်ဝိုက်မှုတစ်ခုနဲ့တော့ ပတ်သက်မိမှာ သေချာတယ်။ တစ်ယောက်နဲ့အများ (စစ်သားတစ်ယောက်နဲ့ပြည်သူများ) တရားစီရင်မှုတစ်ခုမှာ တစ်ယောက်သောလက်နက်ကိုင် စစ်သားက အနိုင်ယူသွားတာက သက်သေသာဓက တစ်ခုပါ။ ချစ်ခြင်းတရားတွေ ခေါင်းပါးနေတဲ့ နယ်မြေတစ်ခုပေါ်မှာ ကြီးပြင်းသွားသူ လူတွေအတွက်တော့ သနားစိတ်နဲ့ကိုယ်ချင်းစာထားပြီး မင်းကိုပဲ ငါ.. အပြစ်တင်တော့မယ်။ မင်းကိုလေ ငါ.. ရင်နာမိတယ် ထို့ကော်ကူး(ကိုး)ရယ်။
မင်းရဲ့အရိပ်မှာခို မင်းရဲ့ရေကိုသောက် မင်းရဲ့ရင်ခွင်မှာ ကြီးပြင်းသွားသော လူတွေဟာလည်း မင်းလိုပဲ ကိုယ်ချင်းစာတရားမဲ့သွား တာတွေ ငါ့နားနဲ့ကြား မျက်စိနဲ့မြင်နေရတော့ ငါ မယုံနိုင်အောင်ပါပဲ။ သူတို့တွေလည်း မေတ္တာတရား ခေါင်းပါးသွားပြီး လုံးဝလုံးဝမရှိတော့ သလိုပဲ။ ထမင်းတနပ် ကျွေးမယ့်သူယောက်ရှိနိုင်ပေမယ့် ဒီလူတွေကို ထမင်းမကျွေးနဲ့ အားလုံးဒီနေရာမှာ ငတ်သေပါစေ လို့ နားနဲ့ကြားရတဲ့စကား တစ်ခွန်းဟာ ဘယ်သူကိုအပြစ်တင်ရတော့မှာလဲ။ ရင်နာစရာအဖြစ်ပျက်များနဲ့အတူ မင်းကို ငါ ရင်နာမိတယ် ထို့ကော်ကူးရယ်။
ပြောချင်တာတွေ ရင်မှာပြည့်လျှံနေပေမယ့်။ ပြောသင့်သလောက်ပြောပြီးတော့ မင်းရဲ့မကောင်းဆိုးဝါးတွေ ကခုန်မှုများကို စောင့်ကြည့်ရင်း အခန်းဆက်ခရီးရှည်နှင့်အတူခရီးနှင်နေရဦးမှာပါ….

ဖြစ်စေချင်တာ =   =ဘယ်သူမဆို ကိုယ်ပြောသွားခဲ့သောစကား ၊ ကိုယ်လုပ်ခဲ့သောလုပ်ရပ်တစ်ခုအား ဘယ်အချိန်၊ဘယ်အခါ ပြန်မေးပြန်မေး ဟုတ်ပါသည် ဟု ၀န်ခံရဲတဲ့သတ္တိနှင့် ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်ကို ၀န်ခံနိုင်ရမည်။