27.7.13

ပြန်လာပါတော့ လိပ်ပြာကလေး



၂၇၅၂ နှစ်သစ်အမြုတေ ..မှ ကူးယူဖေါ်ပြခြင်းသာ ဖြစ်ပါသည်။

ပြန်လာပါတော့ လိပ်ပြာကလေး
ကော်သူးလေ ကျော်စန်းပွင့်

ပတ်ဝန်းရှစ်ခွင့် ၊ တိမ်ပုပ်နင်၍
ကောင်းကင်ရှိုက်ငို ၊ မြေရွမ်းစိုပေါ့
ဝါဆိုလယွန်း ၊ ၀ါခေါင်ဆန်းလျှင်
ထုံးတမ်းစဉ်လာ ၊ ကရင်ရိုးရာက
လိပ်ပြာခေါ်မြဲ ၊ ခိုင်စူး ပွဲကို
ခြိမ့်သဲခင်းကာ ၊ စည်သာသာပင်
ရွာတိုင်းအိမ်တိုင်း၊ အဆိုင်းဆိုင်းတည့်

သင်္ချိုင်းခေါင်မြေ ၊ တောမြိုင်ဗွေ္ပ
နေလို့မလျော် ၊ ယောက်ခေါက်ခေါ်ပြီ
ပျော်ပျော်ပါးပါး ၊ အပေါင်းဖေါ်များနှင့်
အိမ်သားအိမ်သူ ၊ ချစ်ကြည်ဖြူစွာ
ကောင်းတူရိုးရိုး ၊ လုပ်ကိုင်ပျိုးရင်း
အမျိုးဂုဏ်မြင့် ၊ ဇာတိတင့်အောင်
တိုးဆင့်ထမ်းရွက် ၊ နိုးအိပ်မက်နှင့်
မနက်ဖြန်ခါ ၊ စောင့်မျှော်ပါသည်
အို….
လိပ်ပြာ…လိပ်ပြာ…လိပ်ပြာ…..
လာ….
လာ…..
လာ…..
ပြန်လာပါတော့ လိပ်ပြာကလေး။ ။

ကလေကချေ ၊ အခြေယိုင်ယိမ်း
ကတိမ်းကပါး ၊ လွှဲမှားကုန်တင်
ယဉ်ကျေးကင်းမဲ့ ၊ သိမြင်ရွဲ့စောင်း
ဖြားယောင်းနုံချာ ၊ လူယုတ်မာတို့
ဖြီးညာလှည့်ဖြား ၊ ဥာဏ်နုံ့ဓါးကို

လားလားမယုံ ၊ ကိုယ်စိတ်လုံလျက်
ပုံယင်ကွေ့ကောက် ၊ ကွင်းရှောင်လျှောက်ကာ
ရောက်လိုရိပ်ကွန်း ၊ ရုန်းထတွန်းကြ
ရွှန်းမျစ်အားသန် ၊ မြားလိုမြန်လေ
သံချောင်းကိုပြတ်၊ ထူးဂုဏ်ဒြပ်ဖြင့်
မြတ်မျိုးမှန်ဘ၀ ၊ ထွန်းညိပြပါ
အလှရှင်းသန့် ၊ ၀င်းခဲ့ခဲ့ပေါ့
မြေပြန့်တောင်ပေါ်၊ စ-နမ့်-နော်-နန်း
မန်းစောမောင်နှမ ၊ ညီအစ်ကိုတစ်တွေ
ရေလိုကြည်အေး ၊ ပန်းလိုမွှေး၍
ရှေးမှခုနောင် ၊ ကောင်းရိပ်ဆောင်ဖို့
ဝါခေါင်ပွင့်ဖူး ၊ ချည်ဖြူထူးကို
ခိုင်စူး ညီညာ ၊ ခင်းကျင်းမှာမို့
ရှိရာရပ်က ၊ ကြားသိရသော်
မြန်းကြွဆက်ဆက် ၊ ပျက်မကွက်နှင့်
မနက်ဖြန်ခါ ၊ စောင့်မျှော်ပါသည်
လိပ်ပြာ…..လိပ်ပြာ….လိပ်ပြာ….
လာ….
လာ….
လာ…
ပြန်လာပါတော့လိပ်ပြာလေး။ ။

ငွေယူလာပါ
ရွှေယူလာပါ
ကျောက်မြက်ရတနာ ယူလာပါ။
အသိပညာ ယူလာပါ။
အတတ်ပညာ ယူလာပါ။
တစည်းတရုံး ပြန်လာနေပါ
တစုတအုပ်တည်း ပြန်လာနေပါ
တရင်းတနှီး ပြန်လာနေပါ
တစ်စိတ်တစ်ဝမ်းတည်း ပြန်လာနေပါ။
မိဘမောင်နှမညီအစ်ကိုများနဲ့ အတူမကွာ
ကြင်မြတ်လေးစေ အစဉ်သာ။
အိမ်နဲ့ယာနဲ့ ကုံလုံ
ပြည့်စုံစုံ ပြန်လာနေပါ။
မြို့နဲ့ရွာနဲ့ မွှေးမွှေး
လုံနွေးနွေး ပြန်လာနေပါ
လာပါ - ပြန်လာပါ - ပြန်လာနေပါနော်ကွယ်။
အင်္ကျီချုပ်ရိုးခိုင်သလိုနေထိုင်
ဆံပင်တွေ
ချည်လိုဖြူ ရော်ဆွေးသည့်တိုင်ပေါ့ဝေ့။
မြင်သို့ပင်ဖြစ်စေ ၊ ဘယ်လို့ရှိစေ-
ဘယ်သူခွဲခွဲ တို့မခွဲပါ
တစ်ခုတည်း
အမြဲစည်းလုံးနေထိုင်မှာ
အို……
လိပ်ပြာ… လိပ်ပြာ…. လိပ်ပြာ….
လာ
လာ
လာ…..မြန်မြန်
အလျင်အမြန်
ပြန်လာပါတော့ လိပ်ပြာကလေး။ ။