19.2.11

သေတဲ့နေ့မှာ ပြန်မွေးမယ့်လူ

သိင်္ဂါရမောင်ဆိုက်ကနေကူးယူခြင်းဖြစ်သည်။ခံစားချက်နဲ့လည်းတိုက်ဆိုင်သည်။.

သေမိန့်တစ်ခုနဲ့အတူ မွေးလာတဲ့ဘဝ
စခဲ့ရတာ သုည ရှိနေတာက ဗလာ
ငါ့ဘဝ ငါ့သမိုင်း ထင်ရာတွေစိုင်းလာလိုက်တာ
ခုဆိုရင် နှစ်ဆယ့်နဲ့လေး။

ရွှေလင်ပန်းနဲ့ အချင်းမဆေးခဲ့ဘူး
အဖေ့ပုဆိုးစအနှီးထုပ်ထဲမှာ အသက်မျှင်းမျှင်းရှုခွင့်လေးနဲ့
ငါဘဝငါ စထမ်းခဲ့လိုက်တာ
လာရာလမ်းကို မပြန်ရသေးခင်အထိ။

ငါ့နားက မျိုမချနိုင်တဲ့ မပြည့်စုံမှုအကြောင်းတွေ
ရင်းနှီးလိုက်ရတာ ဒုနဲ့ဒေး
ခြေချလိုက်တိုင်း ဒုက္ခပန်းတွေကို ပွင့်လို့။

ကျုံးသွင်းမှရတဲ့ ခင်မင်မှုတွေ
အချွဲပိုနေတဲ့ စေတနာတွေ
ယုံကြည်မှု ထုံကူးရတာသိပ်ခက်တဲ့လူတွေကြား
ထွက်ပေါက်တွေ သိပ်ကျဉ်းခဲ့ဖူးတယ်။

အို… ဘာပဲဖြစ်ဖြစ် သိမ်ငယ်မှုတွေကို

လူမမြင်အောင် အမှိုက်ပုံးထဲ ခိုးထည့်
ကိုယ့်မျက်ရည်ကိုယ်သောက် ကိုယ်မာနကိုယ်စား
မြေနိမ့်ရာ လှံစိုက်ချင်သူတွေကို
ကျွဲပုခုံးထအောင် ကြိုးစားတွန်းလှန်လာလိုက်တာ
အမာရွတ်တွေက နှစ်ဆယ့်နဲ့လေး။

ငါ့လက်ကနာရီ ဓါတ်ခဲကုန်ရင်ရပ်သလို
ငါ့ဇာတာ ဓါတ်ခဲဟာ တရွေ့ရွေ့ကုန်လို့
စီးကရက်တစ်ဗူးစာ ကျော်ရုံပဲရှိသေးတဲ့အသက်
နောက်တစ်ဗူးစာမှ နေရပါ့မလား
နောက်နှစ်ဗူးစာမှ နေရပါ့မလား
ဒါ ငါ့အလုပ်မဟုတ်ဘူး
ငါသေမယ့်ရက်စွဲ ငါကိုယ်တိုင် မဖြည့်ရရင်တော်ပြီ။

မွေးနေ့တိုင်းဟာ တနည်းအားဖြင့်
ကုန်ဆုံးသွားတဲ့ တစ်နှစ်တာအတွက်
တခမ်းတနားမရှိလှတဲ့ အသုဘပွဲတစ်ပွဲ
လာမယ့်နှစ်အတွက် မျှော်လင့်ချက်မွေးတဲ့ပွဲတစ်ပွဲ။

ငါကဗျာဆရာမဟုတ်ပါဘူး
မျက်စိထဲ ဝင်သမျှကို ဦးနှောက်နဲ့ ဇကာချ
အန္တရာယ်ကို မလွယ်ထားနိုင်တော့မှ
ရေဆူမှတ်ရောက်နေတဲ့ ခံစားချက်တွေ
ဒီရင်ဘတ်က တခါတလေ အန်ချမိရုံသက်သက်ပါ။

အနုပညာဝမ်းစာ မပြည့်တပြည့်နဲ့
ကဗျာတွေကို ရင်ဘတ်မှာ ချိတ်ဆွဲ
ခရောင်းတောကို ရဲရဲနင်းရင်း
အခါတစ်ရာသေစမ်းပါစေ
ငါဟာ
သေတဲ့နေ့မှာ ပြန်မွေးမယ့်လူ…

(သိင်္ဂါရမောင်)