16.1.12

တွေးမိတွေးရာ ရေးမိရေးရာ

ဟိုး..တစ်ချိန်က ပေါ့ အရိပ်အာဝါသလေးနဲ့ သစ်ပင်ကြီးတစ်ပင်မှာ ကျေးငှက်တွေခိုနား၊ အရိပ်အောက်မှာ လူတွေလည်း လာပြီးနားခိုကြလေရဲ့ ။ အခုတော့ နှစ်ပေါင်း ၆၀ ကျော်လို့ သစ်ပင်ကြီးကလည်း အိုမင်းရင့်ရော်ပြီး အကိုင်းကိုချိုးတဲ့သူတွေများတော့ အရိပ်တွေမရှိသလောက် ဖြစ်နေတဲ့အချိန်မှာ ငှက်တွေကလည်း အရင်တုန်းကလိုလာမနားကြသလို အရိပ်ခိုတဲ့သူတွေလည်း မရှိသလောက်ဖြစ်နေရော့လား ။ ဒါတောင်မက အကိုင်းကိုချိုး ၊ အပင်ကိုခုတ် အမြှစ်ပါမကျန် တူးဖို့ ကြံစည်နေပြီလား။ ဖြစ်မှဖြစ်ရပါလေရဲ့ ။
"အပစ်ခတ်ရပ်စဲရေး " တဲ့ နားထောင်လို့တော့ကောင်းပါရဲ့ ။ ရထားဝန်ကြီးက ရထားလမ်းဖေါက်မလို့လား ။ သစ်ပင်အိုကြီးက ခံနေတယ်ထင်နော် ။ ဒါကိုတူးဖို့ ကြံစည်နေတာလား မောသွားမယ် ရထားလူလေး ရေ။ မင်းပြောသွားတဲ့စကားတစ်ခွန်းဟာ ကျုပ်တို့ကရင်လူမျိုးကို အထင်သေးတာလား "သူတို့တွေ ချမ်းသာလာရင် သူတို့ကိုင်တဲ့ လက်နက်တွေအလိုလို စွန့်ချင်စိတ်ပေါက်လာမယ်" တဲ့ လွယ်လှချည်းလားကွယ် ၊စမ်းကြည့်လိုက်လေ ။ သိထားဖို့လိုတယ်ထင်လို့နော် ပြောပေးလိုက်မယ် "ကရင်တွေ ရန်ကုန်ကိုဆင်းပြီး လည်စင်းမခံသရွှေ့တော့ ကရင့်တော်လှန်ရေးက မကျဆုံးနိုင်ဘူး "တဲ့ ကရင့်တော်လှန်ရေးဖခင်ကြီး စောဘဦးကြီး စကားပါ ။
ဟယ်...ပြောလို့တောင်မဆုံးသေးဘူး ရန်ကုန်မက ဟိုးအရင်တုန်းက
မထင်မရှားနေရာလေးတစ်ခုဖြစ်တဲ့ နေပြည်တော်ကိုတောင် ရောက်နေရာပါရော့လား။ ကောင်းသောလက္ခဏာလား ၊ ဆိုးတဲ့နိမိတ်လား  တွေ့ကြည့်လိုက်ကြတာပေါ့ ။
တစ်ရက်တုန်းက ကျွန်တော်တို့နေတဲ့ ဒုက္ခသည်စခန်းမှာ အဖိုးကြီးတစ်ယောက်စကားကို ကြားလိုက်ရတယ် ။ "သူတို့က(KNU) ပြီးသွားပြီ ၊ တို့တွေပဲကျန်တော့တယ်" တဲ့ ။ ဘာကိုပြောတာလဲ ဘာကိုဆိုလိုတာလဲ တွေးဆကြံဖန် အဖြေရှာနေတုန်းပဲ။ တစ်ခုတော့ပြောချင်ပါတယ် (စတော့ပ်ဟုမ်းမြို့) အဖြစ်ပျက်လေးလို ရောင့်ရဲ တင်းတိမ်ကြပါနဲ့ ကွယ် ။ ဒီလောက်ပါပဲ ။
အရင်တုန်းက မြန်မာနိုင်ငံမှာ လူထုအများဆုံးနဲ့အငြိမ်းချမ်းဆုံး ကရင်လူထုဆန္ဒပြပွဲက တောင်းဆိုမှုတွေကို  တွေးပြီး မြင်ယောင်မိတယ် ။ တွေးပြီး မြင်ယောင်ခံစားကြည့်တာပါ၊ကျွန်တော် မမီလိုက်ရပါဘူး။ ငယ်ငယ်တုန်းက အဖွားခဏခဏ ပြောဖူးတဲ့စကားတစ်ခွန်း ကြားယောင်မိတယ်။ "ခိုလာမထိုင် ပယောင်သီ့ ဖလုံဒေရှောင် အောင်းမိအောင်းမိ "တဲ့ သူပြောသွားတဲ့စကားတွေဟာ အချိန်တွေကျော်လွန်ကုန်ပြီလား ၊ မရောက်သေးတာလား ။ အဖွားသာရှိနေသေးတယ်ဆိုရင် မေးကြည့်လိုက်ချင်တယ် ။

အခု ကျွန်တော်ရေးတဲ့ စာကို ဖတ်မိသူများ စိတ်အနှောက်ယှက် ဖြစ်မိရင် နားလည်ပေးကြပါခင်ဗျား။ လူငယ်တစ်ယောက်ရဲ့ တွေးမိတွေးရာ ရေးမိရေးရာ လောက်ပါပဲ ။