30.10.10

အမေကိုလွမ်းကြသူများ (ဒေါက်တာမောင်ဘချစ်)


မူရင်းက ဒီ မှာပါ။သူတင်တဲ့အတိုင်း ရေးသွားတဲ့အတိုင်းစာစီလိုက်တဲ့အတိုင်း ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

''မောင်ဘချစ် မင်းက ဒီ ရောက်လာပြီလား''
''ရောက်လာလို့မင်းတို့တွေ့နေတာပဲ မဟုတ်လား''
''အမေကျော် ဒွေးတော်လွမ်းတယ် ဆိုတာ မင်းတို့ပေါ့''
''မဟုတ်ရပါ''
''ဒါဆိုရင်''
''ဒွေးတော်ဆီမှာ အမေကို လွမ်းနေကြတာပေါ့ကွာ”
''ဟား ဟား ဟား ..''
မောင်ဘချစ်သဘောကို ပြောလိုပါသည်။
လူသားမျိုးနွယ်စု အားလုံးသည် ဆွေမျိုးများသာ ဖြစ်ကြသည်။
လူသားမျိုးနွယ်စု သန်း ၆ဝဝဝ ကျော်ရှိပါသည်။
အမေရိကန်ကလူသားတွေလည်း အမျိုးတွေပါ။ တရုတ်က လူတွေလည်း လူသားတွေပါ။  (ဆွေမျိုးပေါက်ဖေါ်ပေါ့ဗျာ)။ အဆိုပါ ဆွေမျိုးပေါက်ဖေါ်များသည် မိမိနှစ်သက်ရာ ကမ္ဘာအနှံ့မှာ နေထိုင်ကြသည်။ ကူးလူးဆက်ဆံကြသည်။
(လူနှစ်ယောက်က မျောက်ဝံထံမှရသော အေအိုင်ဒီအက်စ်ဖြစ်ပေါ်စေသည့် အိပ်ခ်ျအိုင်ဗွီ
ဗိုင်းရပ်စ်သည် ၁ဝ နှစ် အတွင်း လူ သန်း တရာ နီးပါးကို ကူးသွားလေသည်။ လူသားတို့ ကူးလူးဆက်ဆံမှုသည် အံမခမ်း ဖြစ်သည်။ စကားချပ်)
မြန်မာတို့သည်လည်း မိမိတို့နေထိုင်လိုသည့်နေရာတွင် နေကြ ထိုင်ကြသည်။
သို့သော် ကံမကောင်း အကြောင်းမလှပါ။ သက်ဦးဆံပိုင်လက်ထက်က အာဏာဖြင့် အုပ်ချုပ်ခံရသည်။ နောက် ကိုလိုနီအင်္ဂလိပ်တို့ ကျွန်ပြုသည်။ လွတ်လပ်ရေးရတော့လည်း လပိုင်းမှာ ကွန်မြူနစ်တွေ တောခိုသည်။ ပြည်တွင်းစစ် ဖြစ်သည်။
ဒီမိုကရေစီသားငယ်လေး နုနုနယ်နယ်သည် အဓမ္မကျင့်ခြင်း ခံလိုက်ရသည်။
အာဏာရှင်စနစ်သည် ပုန်းလျှိုးကွယ်လျှိုးဖြင့် ဝင်လာသည်။ နောက်တော့ ပေါ်ပေါ်ထင်ထင်ပါပဲ။ တိုင်းပြည်တွင် စည်းမရှိ ကမ်းမရှိ။
ဥပဒေ ရှိပါသည်။ သို့သော် အုပ်ချုပ်သူများသည် ဥပဒေ၏အပေါ်က နေသည်။ တရားသူကြီးများက အာဏာရှင်များညွှန်ကြားသော ဥပဒေကို ပြုစုသည်။ တရားသူကြီးများသည် ဥပဒေမျက်နှာကို မကြည့်။ အုပ်ချုပ်သူမျက်နှာများကို ကြည့်သည်။
ဆိုလိုသည်မှာ သူတို့ဖြစ်ချင်တာ ဖြစ်နေသောကြောင့် မောင်ဘချစ်သည်လည်း ဒွေးတော်ဆီ ရောက်လာရသည်။ ဒီအခါ အမေ့ကို လွမ်းရပါသည်။

× × ×

မောင်ဘချစ်မိတ်ဆွေအိမ်တွင် တည်းခိုနေစဉ်က ဖြစ်သည်။
သူတို့မိသားစုတွင် အရွယ်ရောက်နေသော သမီးလေးတယောက်ရှိသည်။
''အတော်အသုံးမကျတဲ့ အစိုးရ''
အဖေကြီးကပြောတော့ ဘေးမှာထိုင်နေသည့်သမီးလေးက မေးသည်။
''အသုံးမကျဘူးဆိုတာ ဘာလဲ အဖေ''
ကလေးမသည် မြန်မာစကားအချို့ကို မေ့နေလေပြီ.
''အသုံးမကျဘူးဆိုတာက Useless  လို့ပြောတာသမီးရဲ့။ အသုံးမကျတဲ့အစိုးရဆိုတာ Stupid Governmet ပေါ့''
မောင်ဘချစ်ကတော့ ဘေးက ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံနေသည်။
(မောင်ဘချစ်တို့မြန်မာလူမျိုးသည် ခေါင်းညိတ်ဝါသနာ ပါသည်။ ခေါင်းညိတ်လျှင် ရာထူးတက်
သည် မဟုတ်လော)
သို့သော် ကလေးမ၏ မေးခွန်းတခုကြောင့် မောင်ဘချစ် အခက်တွေ့လေတော့သည်။
“If the goverment is so stupid how can they rule the country over so many years?”
(အစိုးရက ဒါလောက်အသုံးမကျရင် ဘာကြောင့် ဒီလိုနှစ်ပေါင်းများစွာ တိုင်းပြည်ကို အုပ်ချုပ်ထားနိုင်ရတာလဲ)
ကလေးမမေးခွန်းသည် စိတ်ဝင်စားစရာ ကောင်းပါသည်။
“တို့ခေတ်ကျမှ ညံ့ရတော့မှာလား”
ဘာကြောင့် ဒီလိုအညံ့ခံ ရတာလဲ။ မတရားတာတွေ အများကြီးပါ။ တကမ္ဘာလုံးသိကြပါသည်။ ပညာတတ်တွေ ထွက်ပြေးရပါသည်။ (‘အများစု’ကို ပြောတာပါ။ ‘အားလုံး’ တော့ မဟုတ်ပါ)
ပညာမတတ်သူတွေ ကျန်ရစ်ကြသည်။(‘အများစု’ကို ပြောတာပါ။ ‘အားလုံး’ တော့ မဟုတ်ပါ)
stupid government ကို မောင်ဘချစ်တို့ မဖြုတ်ချနိုင်ပါ။
အချို့ကတော့ ပြောသည်။
“တိုင်းပြည်ကံကြမ္မာ ပေါ့ဗျာ …” တဲ့
ဒါပေမဲ့ “ကျားရဲရာ ကြမ္မာ မယိုးသာ” ဟူသော စကားရှိသည်။
ကျားသည် ရဲသည်။ သူ့တွင် လက်နက်ရှိသည်။
ကျားသည် ကောက်ကျစ်သည်။ ကျားသည် တိုင်းပြည်ကို စနစ်တကျ ဖျက်ဆီးနေသည်။
ကျားဆွဲသည့်အတွက် လူတွေလည်း ဒုက္ခရောက်သည်။
မောင်ဘချစ်တို့သည် ကျားကြောက်၍ တဖက်နိုင်ငံကို ထွက်လာကြသည်။

× × ×

''ဆရာ ဒါဆိုရင် အဖြေ မရှိတော့ဘူးလား။''
ဒီအမေးကို ဖြေနိုင်ဖို့ မောင်ဘချ စ်အတော်လေးကို စဉ်းစားဖူးသည်။ တိုင်းပြည်ကြီးကို ဒီအတိုင်း ထားကြလို့ ဖြစ်မလား။ အင်မတန်ညစ်ပတ်သောသူကို နိုင်ရန် ခက်ခဲလှသည်။
စိတ်ဝင်စားစရာအကောင်းဆုံးမှာ ဟစ်တလာနှင့် ဂျာမန်လူမျိုး ဖြစ်သည်။
ဟစ်တလာသည် ဂျူး ခြောက်သန်း ကို သတ်ခဲ့သည်။
စစ်ကြီးပြီးတော့ (ဟစ်တလာသေပြီးနောက်) ဂျာမာန်လူမျိုးတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုသည်။
ထိုအခါ ဂျာမန်တွေက ဒီကိစ္စ သူတို့မသိ ဟု ဆိုသည်။
သူတို့ ဘာလို့မသိရတာလဲ။ ဒါမှမဟုတ် ဘာကြောင့် ဟစ်တလာလုပ်ရပ်ကို လိမ်ရတာလဲ။
လူ ခြောက်သန်းကျော် သေတာဟာ အင်မတန်ကြီးကျယ်သော လုပ်ကြံမှု ဖြစ်သည်။ ဒီကိစ္စ သူတို့ မသိတာ ဖြစ်နိုင်ပါ့မလား။ အမုန်းတရားတွေ တကယ်ပဲ ကြီးစိုးနေတာလား။
လူတွေဟာ ဤမျှ အကြင်နာ နည်းလေသလား။
အာဏာရှင်တယောက် သို့မဟုတ် အစေအပါးများခိုင်းစေရာကို ဘာကြောင့် ကောက်ကောက်
ပါအောင် လိုက်ကြသလဲ။
မြန်မာနိုင်ငံကို ကြည့်ပါ။ စစ်သား နှစ်သိန်း ကျော်။ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေ ...။
သူတို့ စိတ်ပါ လက်ပါ လုပ်ကြသည်။ မျက်နှာလို မျက်နှာရ လုပ်ကြသည်။
သင် ကြုံဖူးမှာပါ။ ရပ်ကွက်တွင် အလုပ်ဘာမှ မယ်မယ်ရရ မရသော သတင်းပေးများစွာ ရှိသည်။ စိတ်လိုလက်ရ ဒုက္ခပေးသည်။
လစာအသင့်အတင့် ရသည့် ‘ရရက’ တို့ ‘မရက’ စသည့် အဖွဲ့အစည်းများ ပိုဆိုးပါသည်။
လူပေါင်းစုံကို ဒုက္ခတွင်းထဲ ဆွဲချသည်။
လယ်သမားတွေကို ဒုက္ခပေးသည်။
အလုပ်သမားတွေကို ဒုက္ခပေးသည်။
တချိန်က ကျေးဇူးရှင် အမိအဖများဟု လက်ခံထားသည့် လယ်ယာလုပ်သား ဦးကြီးများကို မညှာမတာ ဒုက္ခပေး၏။
ဒါကို သင်လည်း သိသည်။
သူတို့လည်း သိကြသည်။ ကမ္ဘာကလည်း သိပါ၏။
စစ်တပ်ကတော့ တပ်မတော်သာ အမိ၊ တပ်မတောာ်သာ အဖဟု ပထွေး အဖေ ခေါ်သည်။
စွမ်းအားရှင်များကတော့ ဘုန်းကြီးခေါင်းကို 'ခွပ်'ကနဲ မြည်အောင် ရိုက်သည်။
သင်တို့ သိသည်။
သူတို့တတွေလည်း သိသည်။ ကမ္ဘာကလည်း သိပါ၏။
သို့သော် ဘာကြောင့်လဲ ... ဘာကြောင့် Stupid Government ကို မောင်ဘချစ်တို့ မဖြုတ်ချနိုင်ရပါ သနည်း။  အဖြေရှာရ ခက်လှသည်။
ကျွန်ုပ်တို့ ညံ့၍လည်း မဟုတ်ပါ။ သူတို့တတွေ တော်၍လည်း မဟုတ်ပါ။
မကြာသေးမီက ၄၅ မိနစ်တာ ကြာသော The Wave ဆိုသည့် ဗွီဒီယိုကို ကြည့်မိတော့မှ မောင်ဘချစ် တွေ့တော့ အဖြေလေး တွေ့သည်။
(မောင်ဘချစ်အယူအဆသာဖြစ်သည်)
The Wave သည် ဗွီဒီယိုရုပ်ရှင်ကားတကား ဖြစ်သည်။ အာဏာရှင်ပေါက်ဖွားလာနိုင်ပုံကို ကယ်လီဖိုးနီးယားရှိ ကျောင်းတကျောင်းတွင် သက်သေထူနိုင်ခဲ့ကြောင်း တင်ပြထားသည့် ဖြစ်ရပ်မှန်ဇာတ်လမ်း ဗွီဒီယိုကားဖြစ်သည်။ The Wave ကို online တွင် အလွယ်တကူ ကြည့် နိုင်ပါသည်။
မောင်ဘချစ် အချိန်ရလျှင် ဘာသာပြန်ပေးပါမည်။ သို့မဟုတ် တယောက်ယောက်က  ဘာသာပြန်ပါလို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်။
ပရိတ်သတ်တွေဆီက Comment တွေကိုလည်း ကြားလိုပါသည်။ အဖြေရှာတွေ့မည် ဟု မျှော်လင့်သည်။
တကယ်တော့ အာဏာရှင်ရောဂါသည် တပြည်လုံးကို လှိုက်စားနေပါသည်။
ပထမ အနာသိဖို့ လိုသည်။ ထိုအနာသည် ဘာကြောင့် ဖြစ်လာရလဲ။ သမိုင်းကို သိဖို့ လိုပြန်သည်။ ပညာရှင်များနှင့် ပြည်သူများ လေ့လာကြပါ။ အနာသိက ဆေး ရှိလာပါလိမ့်မည်။
သို့မဟုတ်က …
 (The Wave ကိုကြည့်ပါ။