ထိုင်းနယ်စပ်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် တရားမ၀င်ထီနှင့် ဘောလုံးလောင်းကစားမှု များပြားလာပြီး ဒိုင်များက ဒေသခံစခန်း လုံခြုံရေးဝန်ထမ်းများအား လစဉ်ကြေး ပုံမှန်ပေးကာ လွတ်လပ်စွာလုပ်ကိုင်ခွင့် ရနေကြသည်ဟု စခန်းတွင်းနေထိုင်သူများထံမှ သိရသည်။
နို့ဖိုးစခန်းတွင် တရားမ၀င် လောင်းကစားမှုများ ယခင်က အသင့်အတင့်သာရှိခဲ့သော်လည်း ပြီးခဲ့သည့် (၁) နှစ်ကျော်ကာလမှ စတင်ကာ ပိုမိုများပြားလာကြောင်း၊ စခန်းတာဝန်ရှိသူအချို့၏ ပါဝင်ပတ်သက်မှုများကြောင့်ဖြစ်ကြောင်း အဆိုပါစခန်းမှ ကျောင်းဆရာတဦးက ပြောသည်။
နှစ်လုံးထီကိုင်သည့် ဒိုင်တဦးက “နို့ဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည် (၁၆,၀၀၀) လောက်ရှိတယ်။ စခန်းနဲ့ စခန်းအပြင်က ရွာပါဆိုရင် နှစ်လုံးထီ၊ သုံးလုံးထီနဲ့ ဘောလုံးလောင်းတဲ့ ဒိုင်အားလုံး (၂၀) လောက်ရှိတယ်။ စခန်း လုံခြုံရေးယူထားတဲ့ ယပလက်တွေကို တလဘတ်ငွေ (၃,၀၀၀) ပေးရတယ်။ ဒါကြောင့် စခန်းထဲမှာ ဒီအလုပ်တွေ ပေါ်ပေါ်ထင်ထင်ဖြစ်လာတာ” ဟု ပြောသည်။
စခန်းအတွင်း လောင်းကစားသူ တနေ့ထက်တနေ့ များလာသည့်အတွက် တာဝန်ရှိသူများက အမြန်ဆုံးအရေးမယူလျှင် အခြေအနေ ပိုမိုဆိုးလာနိုင်ကြောင်း စခန်းအတွင်းရှိ ဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။
၎င်းက “နှစ်လုံးထီက တပတ်မှာ (၅) ရက်ရှိတယ်၊ သုံးလုံးထီက တလ (၂) ကြိမ်၊ ဘောလုံးလောင်းတာလည်း နေ့တိုင်းနီးပါးပဲ။ ကလေးလူကြီး အတော်များများ လောင်းကစားကြတော့ စိုးရိမ်ရတဲ့အနေအထားဖြစ်နေပြီ။ တချို့ဆိုရင် စခန်းကပေးတဲ့ စားနပ်ရိက္ခာတွေကို ရောင်းပြီး လောင်းကစားကြတယ်။ နိုင်ငံခြားက ဆွေမျိုးသားချင်းတွေ ပို့ပေးတဲ့ငွေတွေကိုလည်း မစားရက် မသောက်ရက်နဲ့ လောင်းကစားကြလို့ ဒုက္ခရောက်နေကြတဲ့ လူတွေများကြီးရှိတယ်” ဟု မိန့်ကြားသည်။
နို့ဖိုးဒုက္ခသည်စခန်းမှ ကိုအောင်က “ဒီမှာ လောင်းကစားတာက ကြေးကအစ နည်းနည်းမြင့်တော့ တချို့ဆိုရင် အခြားတနေရာကနေ ဖုန်းနဲ့တဆင့် အီးမေးလ် အင်တာနက်တွေကနေတဆင့် လောင်းတာတွေတောင်ရှိတယ်။ စခန်းထဲမှာက ဖုန်း၊ အီးမေးလ် အင်တာနက်ဆိုင်တွေပါ ရှိတော့ ဘောလုံးဆိုရင် ကြိုက်တဲ့အသင်းကို ရွေးပြီး စိတ်ကြိုက်လောင်းလို့ရတယ်။ နှစ်လုံးထီကိုတော့ ထိုင်းရုပ်သံကလွှင့်တဲ့ ရှယ်ရာဈေးကွက် နောက်ဆုံးအပိတ်နှစ်လုံးကို ယူပြီး လောင်းကြတာ” ဟု ပြောသည်။
ဆက်သွယ်ရေးနည်းပညာများ တိုးတက်လာသည့်အတွက် လောင်းကစားရာတွင် ယခင်ကကဲ့သို့ အခက်အခဲများမရှိတော့ဘဲ ပိုမိုတွင်ကျယ်ကာ လွယ်ကူလာသည်ဟုလည်း ၎င်းက ပြောသည်။
၎င်းက “နည်းပညာခေတ်ဆိုတော့ လောင်းကစားနည်းတွေလည်း ဒုက္ခသည်စခန်းအထိ ထိုးဖောက်လာပြီး အရင်လို စာရွက်စာတမ်းတွေနဲ့ ငွေကို အထုတ်အထည်နဲ့ သယ်ပိုးစရာမလိုတော့လို့ အဖမ်းအဆီးလည်း မကြောက်ရတော့ဘူး။ ဒါပေမယ့်
ဒီလောင်းကစားတွေကြောင့် ဒုက္ခသည်တွေ ပိုပြီးတော့ ဒုက္ခရောက်ကြရတာပဲ ရှိတယ်။ အဆင်ပြေသွားတာက ဒိုင်နဲ့ လုံခြုံရေးဝန်ထမ်းတွေပဲ။ စခန်းကော်မတီဥက္ကဋ္ဌနဲ့ အဖွဲ့လည်း ဘာမှမပြောရဲဘူးဆိုတော့ အခြေအနေက ဒီထက်ပိုဆိုးဖို့ပဲ ရှိမယ်” ဟု ဆက်ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စခန်းတာဝန်ရှိသူတဦးကမူ “ဒီလောက်ကြီးလည်း ဆိုးဆိုးဝါးဝါးမဟုတ်ပါဘူး။ လူတွေက ချဲ့ကားပြီးတော့ ပြောကြတာ။ ဒီိလောင်းကစားတွေက စခန်းထဲမှာ အနည်းအကျဉ်းလောက်ပဲ ရှိတယ်” ဟု ပြောကြားသည်။
နို့ဖိုးဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြောက်ဘက် ကီလိုမီတာ (၂၄၀) ခန့်တွင်တည်ရှိပြီး မြန်မာဒုက္ခသည် (၁၆,၀၀၀) ခန့် နေထိုင်လျက်ရှိသည်။