မြန်မာနိုင်ငံ မွန်ပြည်နယ် ဘုရားသုံးဆူနှင့် မျက်နှာချင်းဆိုင်ဘက်ဖြစ်သော ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စံခဘူရီမြို့နယ်ရှိ ဘန့်တုန်ယန်း ဒုက္ခသည်စခန်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ၁ဝ မိနစ်ခန့်ကြာ လေတိုက်ရာ ယူကလစ်တိုင်ထောင်၊ သက်ကယ်မိုး၊ ဝါးကြမ်းခင်း တဲအိမ်များ ပျက်စီးကုန်သည်။
“ကျမတို့တောင် အပြင်ထွက်တာမြန်လို့။ အိမ်အပြင်လဲရောက်ရော သစ်ပင်က လဲကျလာတာ အိမ်တခုလုံး ပိသွားတယ်။ ဆူညံနေတာပဲ ပြေးကြတာ။ လူနာဆောင်က လူနာတွေလဲ ပြေးကြတာပဲ။ လွတ်တဲ့ကွင်းပြင်တွေဆီမှာ သွားစုနေကြတာပေါ့။ နို့မို့ဆို မလွယ်ဘူး” ဟု ဒုက္ခသည်တဦးက ပြောသည်။
စစ်ဘေးရှောင်သူ ၄ ထောင်ကျော် ခိုလှုံနေသည့် စခန်းအတွင်း ရိက္ခာ ဂိုဒေါင် အပါအဝင် မူလတန်းကျောင်း၊ ကွန်ပြူတာသင်တန်းခန်းမ၊ လူနာဆောင်တို့ပါ ပျက်စီးသွားသည်ဟု စခန်း ဥက္ကဌ စောထူးဟန်က ပြောသည်။
“အရင်ဆုံး မိုးသီးတွေနဲ့ မိုးပေါက်တွေရောပြီး ရွာလာတယ်။ ခနကြာတော့ အသံအကျယ်ကြီးပဲ တဝေါဝေါ နဲ့ လေပြင်းတွေ ပါလာတယ်။ အိမ်တွေ ပြိုကုန်တယ်။ တချို့အိမ်တွေက အမိုးတွေ ပွင့်ထွက်ပြီး ပါသွား တယ်။ နံရံတွေ ပွင့်ထွက်သွားတယ်” ဟု စောထူးဟန်က ပြောသည်။
KNU တပ်မဟာ ၄ အား ၁၉၉၇ ခုနှစ်၌ နအဖ စစ်တပ်များက ထိုးစစ်ဆင်သည့် တိုက်ပွဲများကြောင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ထားဝယ်ခရိုင်အတွင်းမှ ထွက်ပြေးလာသူများ နေထိုင်သော စခန်းဖြစ်သည်။
ထိုင်းဘုရင်မ၏ ဘေးမဲ့သစ်တောအတွင်းနေရာချထားသော ယင်းဒုက္ခသည်စခန်း မူလတန်းကျောင်းအုပ်က “ကျနော့်ကျောင်းက အမိုး၊ အကာ၊ ကြမ်းခင်းတွေ လွင့်ထွက်သွားပြီး အကုန်လုံး ပျက်စီးသွား တယ်။ အခုစာသင်လို့ မရတော့ဘူး။ ကျောင်းသားက အယောက် ၆ဝ လောက်ရှိတယ်” ဟု ပြောသည်။
ဘန့်တုန်ယန်း ဒုက္ခသည်စခန်းကို ၁၉၉၇ ခု မေလတွင် “သူက” “ထိတဘော” စခန်းနှစ်ခုကို ပေါင်းဖွဲ့ထား ခြင်းဖြစ်ပြီး ထိုင်းတောင်ပိုင်းနယ်စပ်ဒေသ “ထမ်ဟင်” စခန်းမှ ဒုက္ခသည် ၂ဝဝဝ ဦးကျော်သည်လည်း ၁၉၉၈ ခု မှစ၍ ဘန့်တုန်ယန်းသို့ ပြောင်းရွှေ့ခဲ့သည်။
အိုးအိမ်မဲ့ဖြစ်သွားသော ဒုက္ခသည်များအတွက် အစား အသောက်နှင့် အဝတ်အထည်တို့ကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များကို ကူညီနေသည့် Thai Burma Border Consortium-TBBC က စီစဉ်ပေးနေကြောင်း သိရသည်။
TBBC မှ ထုတ်ပြန်ချက်အရ ၂ဝဝ၈ ခုနှစ်တွင် ဘန့်တုန်ယန်း စခန်း၌ လူဦးရေ ၄၃၆၂ ဦး ရှိကာ ကရင်လူမျိုးများက အများစုဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ်တလျောက် ဒုက္ခသည်စခန်း ၉ ခုတွင် လူဦးရေ ၁၄၀၀၀၀ ခန့်ရှိကြောင်း TBBC ၏ ၂ဝဝ၉ ခု ဒီဇင်ဘာထုတ် စာရင်းအရ သိရသည်။
link by=http://www.mizzimaburmese.com